
အဟ်မဒီယာမွတ်စ်လင်မ်အဖွဲ့
အဟ်မဒီယာမွတ်စ်လင်မ်အဖွဲ့မှာ ပွင့်ပေါ်လာရန်ရှိသည့် မဆီဟ်(မေရှိယ)နှင့် မဟ်ဒီ(လမ်းညွန်ခြင်းခံရသူ)မှာ အိန္ဒိယနိုင်ငံ၊ ပန်ဂျပ်ပြည်နယ်၊ ကာဒီယံမြို့၌ ပွင့်ပေါ်ခဲ့သော ဟာဇရသ်မီရ်ဇာဂူလာမ်အဟ်မဒ် (ငြိမ်းချမ်းခြင်းသက်ရောက်ပါစေ)ပင်ဖြစ်ကြောင်း ယုံကြည်လက်ခံကြသည်။ မီရ်ဇာဂူလာမ်အဟ်မဒ် (ငြိမ်းချမ်းခြင်းသက်ရောက်ပါစေ)သည် ကောင်းကင်ဆိုင်ရာလမ်းညွှန်မှုဖြင့် အစ္စလာမ်သာသနာကို မူရင်းအစစ်အမှန်အတိုင်း ပြန်လည်ဖြစ်ထွန်းပေါ်ပေါက်လာစေရန် အဟ်မဒီယာမွတ်စ်လင်မ်အဖွဲ့ကို ၁၈၈၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယခုအခါ နိုင်ငံပေါင်း ၂၀၀ ကျော်၌ အဖွဲ့ခွဲများရှိကာ အဖွဲ့ဝင်မီလီယံပေါင်း ၁၀ ထက်မနည်းရှိသည်။
၁၉၀၈ ခုနှစ်တွင် အသင်းကြီးအားတည်ထောင်သူအရှင်သူမြတ် ကွယ်လွန်ခဲ့ပြီး၊ ထိုအချိန်မှစ၍ အသင်းကြီးကို ဝိညာဉ်ရေးရာခေါင်းဆောင် ခလီဖာဟ်ဆက်ခံသူများဖြင့် ဆက်လက်တည်တံ့စေခဲ့ရာ ယခုအခါ ခလီဖာဟ်ငါးဆက်မျှပင် ရှိနေပြီဖြစ်သည်။ လက်ရှိဝိညာဉ်ရေးရာခေါင်းဆောင်မှာ ဟာဇရသ်မီရ်ဇာမဆ်ရူးရ်အဟ်မဒ်သခင် (အလ္လာဟ်အရှင်မြတ်သခင်ကူညီဆောင်မပါစေ)ဖြစ်ပြီး အသင်း၏ ဗဟိုဠာနချုပ်မှာ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၌ ရှိသည်။
သခင်ကြီးသည် မိမိ၏ မိန့်ခွန်းများ၊ စာချွန်လွှာများနှင့် တွေ့ဆုံပွဲများတွင် ဘုရားသခင်ကိုဖြည့်ဆည်းရမည့်တာဝန်များနှင့် လူသားခြင်းဖြည့်ဆည်းရမည့်တာဝန်များကို သွန်သင်မြွတ်ကြားပေးလျက်ရှိပြီး ဘာသာတရားအချင်းချင်း ညီညွတ်ကြရန်၊ လူသားအချင်းချင်း သင့်တင်ပြေပြစ်စွာ နေထိုင်လျက် တရားမျှတ၍ ငြိမ်းချမ်းသော လူ့ပတ်ဝန်းကျင်ကို ဖော်ဆောင်ရန် နှိုးဆော်လျက်ရှိသည်။

လဂျ်နာအမာအိလ္လာဟ်အစည်းအရုံး
“လဂျ်နာအမာအိလ္လာဟ်” (အလ္လာဟ်အရှင်မြတ်၏ကျေးကျွန်များ) အစည်းအရုံးသည် ၁၉၂၂ ခုနှစ်တွင် အသင်းကြီး၏ ဒုတိယမြောက် ခလီဖာဟ် ဟာဇရသ်မီရ်ဇာဘရှီးရွတ်ဒင်းမဟ်မွဒ်အဟ်မဒ် (အလ္လာဟ်အရှင်မြတ်သခင်ကျေနပ်နှစ်သက်ပါစေ) မှအိန္ဒိယနိုင်ငံ ကာဒီယံမြို့၌ ဖွဲ့စည်းပေးခဲ့သည့် အဟ်မဒီယာအဖွဲ့အစည်း၏ လက်အောက်ခံအစည်းအရုံးတစ်ခုဖြစ်သည်။ အစည်းအရုံးတည်ထောင်ရခြင်း၏ ရည်ရွယ်ချက်များမှာ လောကီနှင့်လောကုတ္တရာအသိပညာ တိုးပွား ပြန့်ပွားမှုတွင် အမျိုးသမီးအချင်းချင်း ကူညီရိုင်းပင်းလျက်၊ လူသားဖန်ဆင်းခံရခြင်း၏ရည်ရွယ်ချက်ကို အမျိုးသားများနှင့်တန်းတူ အမျိုးသမီးများလည်း ဖြည့်ဆည်းနိုင်ရန် ဖြစ်သည်။
အဖွဲ့ဝင်တစ်ဆယ့်လေးဦးဖြင့် စတင်ခဲ့သည့် “လဂျ်နာအမာအိလ္လာဟ်” (အလ္လာဟ်အရှင်မြတ်၏ကျေးကျွန်များ) အစည်းအရုံးသည် ယခုအခါတွင် ကမ္ဘာတစ်ဝှမ်းလုံး၌ တိုးတက်ပျံ့နှံ့လျက်ရှိသည်။ အသက် ၁၅ နှစ်အထက် အဟ်မဒီအမျိုးသမီးတိုင်းသည် “လဂျ်နာအမာအိလ္လာဟ်” (အလ္လာဟ်အရှင်မြတ်၏ကျေးကျွန်များ) အစည်းအရုံး၏ အဖွဲ့ဝင်များဖြစ်ပြီး သူ(မ)တို့သည် သာသနာရေးတွင်သာမက ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် အခြားလူမှုနယ်ပယ်အားလုံးတွင် လူသားအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြသည်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ တွင် အစည်းအရုံးသည် နှစ် ၁၀၀ ပြည့်မြောက်ခဲ့သည်။
လဂျ်နာအမာအိလ္လာဟ်အစည်းအရုံးအလံ
၁၉၃၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် “လဂျ်နာအမာအိလ္လာဟ်” (အလ္လာဟ်အရှင်မြတ်၏ကျေးကျွန်များ) အစည်းအရုံးအားတည်ထောင်သူ ဒုတိယခလီဖတွလ်မဆီဟ်(အလ္လာဟ်အရှင်မြတ်သခင်ကျေနပ်နှစ်သက်ပါစေ)မှ အဟ်မဒီအမျိုးသမီးများအားကိုယ်စားပြုသည့် အလံကို လွှင့်တင်ပေးခဲ့သည်။ အလံတွင် အဟ်မဒီယတ်အလံ၊ စွန်ပလွံပင် သုံးပင်နှင့် ၎င်း၏အောက်တွင် စီးဆင်းနေသည့် စမ်းချောင်းတို့ပါဝင်သည်။

